Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

အာဠာဝက သခင်ဘိုးလှကြီး

| comments

အာဠာဝက သခင်ဘိုးလှကြီး

၁၃ဝဝ ပြည့်အရေးတော်ပုံ (၁၉၃၈-၃၉)သည် မြန်မာ့လူ့ဘောင် ၏သမိုင်းတွင် ထင်ရှားသောမှတ်တိုင်တခု အဖြစ်ဖြင့် တည်ရစ် ပေသည်။

၁၃ဝဝ ပြည့်အရေးတော်ပုံ၏ ထူးခြားသော အခြင်းအရာများ အနက် အထူးအခြားဆုံးသော အခြင်းအရာမှာ မြန်မာ့ လူ့ဘောင် သမိုင်းတွင် ပထမဆုံးအကြိမ် မာ့က်စ်ဝါဒနှင့် အလုပ်သမားလူတန်းစားတိုက်ပွဲ ပေါင်းစပ်မိခြင်းဖြစ်သည်။ မာ့က်စ်ဝါဒ၏ လက်တွေ့နှင့် သဘောတရားညီညွတ်ခြင်းကို သက်သေထူလိုက်သော အခြင်းအရာဖြစ်ပေသည်။

ထို့ကြောင့် ၁၃ဝဝ ပြည့် အရေးတော်ပုံသည် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်၍ လက်တွေ့ကျင့်သုံးသော ခေါင်းဆောင်အများကို မွေးထုတ်ပေးခဲ့ပေသည်။ ၄င်းတို့အနက် ယခုအခါ ကွယ်လွန်ပြီဖြစ်၍ ထိုစဉ်က ထင်ရှားသော အာဠာဝကသခင်ဘိုးလှကြီးအကြောင်းကို ရေးသားလိုပေသည်။

သခင်ဘိုးလှကြီးသည် အလုပ်သမားလူတန်းစားကြီးမှ ပေါက်ဖွားလာသော မာ့က်စ်ဝါဒီခေါင်းဆောင် တဦးဖြစ် သည်ဟု ဆိုအပ်ပေသည်။ သူသည် ရေနံမြေ ဘီအိုစီလုပ်ငန်း၌ အနောက်နိုင်ငံအခေါ်အားဖြင့် ကော်လာဖြူ အလုပ်သမား၊ မြန်မာအခေါ်အားဖြင့် စာရေးကလေး၊ အလုပ်သမားသမဂ္ဂအသုံးအနှုံးဖြင့် ရုံးအလုပ် သမားတယောက်ဖြစ်ပေသည်။

ရုံးအလုပ်သမားဖြစ်ရုံသာမကသေး စက်ရုံအလုပ်သမားများ သပိတ်မှောက်သောအခါ တသွေးတသားတည်း ပါဝင်ခဲ့ပေ သည်။ သပိတ်မှောက် အလုပ်သမားများက ရေနံမြေမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောအခါ ရေနံမြေသပိတ် တပ်ကြီးကို ခေါင်းဆောင်ခဲ့ပေသည်။ အလုပ်သမားသည် တိုင်းပြည်၏ လွတ်လပ်ရေးကို အများဆုံး လိုလားသူဖြစ်ရာ သူသည် ရေနံမြေ ဒို့ဗမာအစည်းအရုံး၌ စောစွာပါဝင်ခဲ့ပြီး သခင်ခေါင်းဆောင်တဦး ဖြစ်ခဲ့လေသည်။

သူ့အား ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်လာသူတဦးအဖြစ်ဖြင့်လည်းကောင်း၊ အဟောအပြော၊ အဆူအပူတွင် သူမတူကောင်းသူအဖြစ်ဖြင့် လည်းကောင်း၊ တတိုင်းပြည်လုံးက သိခဲ့ကြလေသည်။ သူ၏ သဘောတရား နိုင်ငံရေးအယူအဆများကိုကား ပြည်သူလူထုက နှံ့နှံ့စပ်စပ်သိခဲ့ကြခြင်း ရှိအံ့မထင်။

သူသည် ၁၃ဝဝ ပြည့် အရေးတော်ပုံများအတွင်းက ‘သပိတ်စစ်ပွဲ’ဟူသော စာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ၏သဘောတရား၊ နိုင်ငံရေးအယူအဆများကို တွေ့မြင်နိုင်လေသည်။ ယင်း သဘောတရား၊ နိုင်ငံရေးအယူအဆများကို ထောက်သော် မာ့က်စ်ဝါဒီတယောက်ဟု မှတ်ယူနိုင်လေသည်။

ထိုစာအုပ် စာမျက်နှာ ၄ တွင် သူတို့မျက်မှောက်ရှိ ဘီအိုစီဓနရှင်ကို ‘ဘီအိုစီဓနရှင်ကုမ္ပဏီ၏ မိုက်ကြေး’ ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ပိုင်းခြားပြရင်း ဓနရှင်စနစ်၏ သဘောသကန်သဘာဝ ဥပဒေကို ဖော်ထုတ်ပြသခဲ့သည်။

ဘီအိုစီကုမ္ပဏီသည် ၁၉၃၇ခုနှစ်တွင် ငွေပေါင်း ၇ ကုဋေမြတ်၍ အလုပ်သမားအတွက်ပေးရသော အခငွေမှာ ၅ သန်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။ ယင်းသို့ဖော်ပြရင်း မာ့က်စ်ဝါဒ အစွန်းထွက်တန်ဖိုး သဘောတရားကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။

‘ငွေပေါင်း ၈ ကုဋေရရန်အတွက် လုပ်ကိုင်ရသော အလုပ်ချိန်အနက် အလုပ်သမားတို့သည် မိမိတို့၏ လုပ်ခ အတွက် အချိန်တာဝန် မည်၍မည်မျှ လုပ်ကြရသည်ကိုတွက်ကြည့်သော် အလုပ်သမားတို့၏ ဝေပုံစုသည် ၁၆ ပုံမှ ၁ ပုံသာဖြစ်၏။ အချိန်နာရီအရ ခွဲစိတ်လိုက်လျှင် အလုပ်သမားတို့သည် တနေ့လျှင် ၈ နာရီ လုပ်ရသည့် အနက် ၇ နာရီခွဲသည်ကား ဓနရှင်တို့၏ အနိုင်အထက်မိုက်ကြေးခွဲ၍ အမြတ်ရရန်ခိုင်းသော အချိန်ဖြစ်သည်။ မိမိတို့အတွက် ကား နာရီဝက်သာ လုပ်ရ၏’

ယင်းကဲ့သို့ ဘီအိုစီက အမြတ်ထုတ်ယူသလို အခြားသော နယ်ချဲ့ဓနရှင်ကုမ္ပဏီများက အမြတ်ထုတ် ယူနေကြသော ကြောင့် မြန်မာပြည်သူလူထု ဒုက္ခဆင်းရဲခံရပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေသည်။

‘ဗမာပြည်သို့ ပြန်လမ်းမရှိသော ထွက်ကုန်များ’ ဆိုသော ခေါင်းစဉ်ဖြင့် နယ်ချဲ့စနစ်သည် အမြတ်အဖြစ်ဖြင့် မြန်မာ့ ထွက်ကုန်တွေယူသွားပုံကို ဖော်ပြ၏။ နယ်ချဲ့စနစ်ကြောင့် မြန်မာပြည် ရေလွှမ်းဘေးဆိုက်ပုံ၊ ငှက်ဖျားထူထပ်လာ ပုံ၊ ဆင်းရဲသားတို့ လုံးပါးပါးပုံ၊ မိန်းမတယောက်ကို ဆန်တတင်းဖြင့် ဝယ်နိုင်ပုံ၊ ပန်းဦးဆက်ခေတ်ကြီး ပြန်ဆိုက် လာပုံ၊ ပါးစပ်တွင် ခြင်း အစွပ်ခံရသော ကျွဲနွားများနှင့် တူလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။

‘ဓနရှင်စနစ် တည်တံ့နေသမျှကာလပတ်လုံး အဆွေတို့ ငါတို့ ပါဏုပေတံ မွဲဇာတာမလှန်နိုင်အောင် ကျွန်ဘဝအောက် သဘောက်ဘဝ၌ ရောက်ရှိနေကြပေတော့၏’ (စာမျက်နှာ -၁၇)

၎င်းနောက် ဆန်စပါးကို စတီးဘူလိမ်ဂျာပူးလ် စသော ဓနရှင် များက လက်ဝါးကြီးအုပ်ပုံ၊ ချစ်တီးများအား ၄င်းတို့ကခေါ်ခဲ့ပြီး ငွေချေးပုံ၊ မြန်မာတောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပုံ၊ မြန်မာပြည်ရှိ ဘဏ် တိုက်ကြီး များကို နယ်ချဲ့ဓနရှင်တို့က အုပ်ထားပုံ စသည်များဖော်ပြပြီး ‘မြေရှင်နှင့် ဓနရှင်တို့ပင်း၍ ညှဉ်းပုံ’ ကိုရေးသား လေသည်။

နယ်ချဲ့ဓနရှင်နှင့် မြေရှင်တို့၏ ပယောဂကြောင့် လူ့ဘောင် လူတန်းစားများ အခြေအနေမညီမျှပုံကို အောက်ပါအတိုင်း ဖော်ပြလေသည်။

‘နိုင်ငံချဲ့သမားတို့၏ လက်ပါးစေကျွန်ယုံအပေါင်းတို့တွင် သင်းကျစ်ဦးခိုင် မဏ္ဍိုင်ဥက္ကဋ္ဌဖြစ်သော ဘုရင်ခံကြီးသည် မိမိတကိုယ်ရေတကာယတည်း နေထိုင်ရန်အတွက် စတုရန်းပေပေါင်းတသိန်းခန့် ကျယ်သည့် ဝင်းခြံကြီးအတွင်း … မန်နေဂျာ၊ ဒါရိုက်တာများ ပေပေါင်းငါးသောင်းခန့်ကျယ်ဝန်းသော ခြံဝန်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်စွာ နေထိုင်ခွင့်ရှိကြ၏။

ဆင်းရဲသားတို့မှာကား ခြေသလုံးအိမ်တိုင်ကိုယ်ပိုင် ပစ္စည်းဟူ၍ ရွေးစေ့ခန့်မျှမရှိကြသဖြင့် လမ်းကြိုလမ်းကြား တိုက်ကြိုတိုက်ကြားတို့တွင် ပုလိပ်ပတ်တရောင်တို့ကို တိမ်းရှောင်၍နေရသူက နေရ၏။ လခဖြင့် ငှား နေပြန်ပါကလည်း စတုရန်းပေပေါင်း ၃ဝဝ ခန့် ကျယ်ဝန်းသော အခန်းကျဉ်းကလေးများတွင် ၅ဝ ခန့်သော အလုပ်သမားတို့ ပြွတ်သိပ် တင်းကြမ်း။ ညအခါတွင် တပိုတပါး သွားချင်ပါသော်လည်း သွားလမ်းမရှိ။ အိပ် နေသူကို တက်နင်းမိမည်စိုးရသဖြင့် မလွယ်အပ်သော အန္တရာယ်ကိုပင် အနိုင်နိုင်အောင့်ကာ လွယ်၍ထား ရသူကားထားရ၏”(စာမျက်နှာ-၂၃)

တောင်သူလယ်သမားနှင့် အလုပ်သမား ဆင်းရဲသားလူထုကြီးအကြောင်း ရေးခြယ်ပြပြီးနောက် လူလတ်တန်းစား အလွှာအမျိုးမျိုးတို့၏ ဒုက္ခဆင်းရဲကိုလည်း ရေးခြယ်ပြသည်။ ထို့နောက် ၄င်းတို့၏ကံကြမ္မာသည် ဆင်းရဲသား တို့၏ကံကြမ္မာနှင့် ဆက်စပ်နေပုံကို ရှင်းပြသည်။

“ဘာကြောင့် စစ်ကူပေးရမည်နည်း”ဟူသော ခေါင်းစဉ်ဖြင့် အောက်ပါအတိုင်း နှိုးဆော်ထား၏။

“ထို့ကြောင့် စာရေးစာချီ၊ ကုန်သည်ပွဲစား၊ရှေ့နေ ရှေ့ရပ်များနှင့် ဈေးဆိုင်ကနား ခေါင်းရွက်ဗျက်ထိုး ထမ်းပိုးထမ်း လျှောက်မှုဖြင့် ရောင်းဝယ်ဖောက်ကားကာ အသက်မွေးကြသူများသည် အလုပ်သမားဆင်းရဲသားများနှင့် စီးပွားရေးတွင် ကြောင်းကျိုးဆက်စပ် ထပ်တူ ထပ်မျှဖြစ်၏ … ။

ဆင်းရဲသားများ အရေးသည် ငါတို့အရေး၊ ဆင်း ရဲသားများ တိုက်ပွဲသည် ငါတို့တိုက်ပွဲဟု စွဲမှတ်အပ်ပေသည်” (စာမျက်နှာ-၂၈)

ကျောင်းသားများကလည်း ယင်းတိုက်ပွဲတွင်ပါဝင်ရန် တိုက်တွန်းသည်။ ဆင်းရဲသားလူထုနှင့် ကျောင်း သား ကံတူအကျိုးပေးဟု ဆိုသည်။ ၄င်းနောက် တပ်ပေါင်းစုသဘောကို အောက်ပါအတိုင်း ရေးသားထား၏။

“တပ်ဦးမှနေ၍ နိုင်ငံချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်နေသော ဆင်းရဲသားတို့ကို ကျောင်းသားများက တပ်တောင်တာ ဗိုလ်ထုနှင့် တသံတည်း ရဲဘော်စုရုံမိစေပြီးလျှင် စစ်ကူပေးခြင်း၊ အကြံဉာဏ်ပေးခြင်း … ၊ တပ်ပေါင်း၍ တိုက်ရ တော့မည်ကား မလွှဲသာသော မဟာဝတ္တရားကြီး ဖြစ်သတည်း။ ” (စာမျက်နှာ-၄၆)

အထက်ပါ ကောက်နုတ်ချက်တွင် စာရေးသူသည် ဆင်းရဲသား၊ အလုပ်သမားအား တပ်ဦးမှ နေရာပေးထားသည်ကို သတိပြုရာသည်။

စာမျက်နှာ ၄ဝ ၌ -

“အစိုးရ၏ ပြကတေ့”ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံအစိုးရ၏ အဖြစ်သနစ်အမှန်ကို အောက်ပါအတိုင်း ဖော်ပြထားသည်။

“ခေတ်သစ်အစိုးရသည် ဓနရှင်စီးပွားအတွက် ဆောင်ရွက်ရန်ခန့်ထားသော အလုပ်အမှုဆောင်အဖွဲ့ မျှသာဖြစ်သည်ဟု လွန်ခဲ့သောနှစ်ပေါင်းတရာကျော်ခန့်ကပင် ကားလ်မာ့က်စ်ပြောခဲ့ဘူး၏။ ထိုစကားသည် တစ်သွေမတိမ်းအောင် မှန် ကြောင်း အဆွေတို့ငါတို့ နိုင်ငံချဲ့စနစ်နှင့် စစ်ခင်းတိုင်း တွေ့ရှိရပေသည်”

“ကြီးစွာသော အလုံးအရင်းနှင့် ချီတက်တိုက်ခိုက်လာသော ပစ္စည်းမဲ့များကို သွေးရူးသွေးတမ်း ငန်းဖမ်း သကဲ့သို့ နိုင်ငံချဲ့သမားတို့က အရမ်းမဲ့လိုက်၍ နှိမ်နှင်းနေပေတော့၏။ သို့နှိမ်နှင်းခြင်းပင်လျှင် နိုင်ငံနယ်ချဲ့စနစ်ကို အမြန်ဆုံးပျက်စီးစေရန် စေ့ဆော်ခြင်းပင်ဖြစ်၏”

ဓနရှင်နယ်ချဲ့သမားတို့သည် အစိုးရ၏ နှိပ်ကွပ်ရေးအာဏာဖြင့် ပစ္စည်းမဲ့တို့၏ ချီတက်လာမှုကြီးထွားလာမှုကို ဖြိုဖျက်ရုံမက သွေးခွဲမှုဖြင့်လည်း ဖြိုဖျက်သည်။ သွေးခွဲမှုအမျိုးမျိုးအနက် လူမျိုးစုံ ပစ္စည်းမဲ့သွေးစည်းရေးကို လူမျိုးရေးဖြင့် သွေးခွဲသည်။ ၁၃ဝဝ ပြည့်နှစ်၊ ၁၉၃၈ခု ဇူလိုင်လတွင် ကုလား-ဗမာအဓိကရုဏ်းကို ဖန်တီးပေးခဲ့သည်။ ယင်း အဓိကရုဏ်းနှင့်ပတ်သတ်၍ သခင်ဖိုးလှကြီးက -

“လူမျိုးရေး အဓိကရုဏ်းကိစ္စသည် နိုင်ငံချဲ့စနစ် အဆိပ်ဖြေဆေးကြီးတည်း”ဟု ဆို၏။ “ကုလား-ဗမာ အဓိကရုဏ်း ဖြစ်ပွားခဲ့သည့်နေ့မှစ၍ အဆွေတို့ ငါတို့ လုံးဝလွတ်လပ်ရေးလုပ်ငန်းကြီး၏ အစိတ်အပိုင်းဖြစ်သော ရေနံမြေသပိတ် အရေးတော်ပုံကြီး မထင်မရှားသောအဖြစ်မှ မှေးမှိန်သောအဖြစ်သို့ ရောက်ရှိခဲ့လေပြီ” (စာမျက်နှာ-၃၇)

မြန်မာပြည်သို့ ကုလားများ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘယ်သူ့အကျိုးငှာ ရောက်လာခဲ့ရပုံကို ရှင်းပြ၏။

“လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က နိုင်ငံချဲ့သမားတို့သည် ငွေသန်းပေါင်းများစွာ အကုန်အကျခံ၍ အိန္ဒိယပြည်တွင် ဆင်းရဲနွမ်းပါးသော ကုလားလူမျိုးတို့ကို ဗမာပြည်သို့လာရောက်ရန် ခရီးစရိတ်နှင့် စားစရိတ်ပါ ကြိုတင်ပေး၍ခေါ် ၏။ ထိုအခါ ဓနရှင်တို့ လက်ငင်းကြံရွယ်ချက်သည် အလုပ်သမားတို့ကို လခပေါပေါပေး၍ စေခိုင်းရန်ဖြစ်၏။” “လူဝင်ရေး ဥပဒေတည်းဟူသောအစေ့ကို ဓနရှင်တို့ စိုက်ပျိုးခဲ့သဖြင့် အမြတ်အစွန်း မြောက်များစွာရရှိခြင်း၊ သွေးခွဲမှုဖြင့် နိုင်ငံရေးအရ လွယ်ကူစွာ အုပ်ချုပ်နိုင်ခြင်းတည်းဟူသော အသီးအပွင့်တို့ကို ဓနရှင်တို့ သုံးစွဲခံစားကြ ကုန်၏”

ယင်းကဲ့သို့ လူမျိုးရေးအဓိကရုဏ်း၏ သရုပ်ဇာစ်မြစ်ကိုဖော်ပြပြီးသော် အဓိကရုဏ်းကိုရှောင်ကြဉ်ရန် တိုက်တွန်း၏။

“အဆွေတို့ ငါတို့သည် ကျွန်ကျွန်ချင်း ခွက်စောင်းခုတ်၍ ဘာမျှဂုဏ်လည်းမရှိ၊ အရေးလည်း မရောက်၊ ဗမာ-ကုလား အဓိကရုဏ်းဖြစ်မှုကြောင့် အဆွေတို့၊ ငါတို့လွတ်လပ်ရေး ဝေးသထက်ဝေးလေပြီ။ ဘာသာရေး၊ လူမျိုးရေးဝင်နှောက် သဖြင့် ဆင်းရဲသား အရေးကွယ်ပျောက်ရသည်ကို အဆွေတို့ ငါတို့ နှလုံးပိုက်မိသင့်လေပြီ” (စာမျက်နှာ-၃၉)

“လူတမျိုးနှင့်တမျိုး မသင့်မတင့်ဖြစ်အောင်၊ တဘာသာနှင့်တဘာသာ ခိုက်ရန်ဖြစ်ပွားလေအောင်၊ တိုင်းပြည်နိုင်ငံ နယ်နမိတ်တို့ကို ခွဲခြမ်းကာ လူတို့၏စိတ်တွင် သွေးကွဲမှုဖြစ်အောင် စီမံဖန်တီးနေသော ကလိမ်ချုံ နယ်ချဲ့စနစ်ကြီး ကွယ်ပျောက်မှသာ အဆွေတို့ ငါတို့ သင့်တင့်ငြိမ်းချမ်းစွာ နေနိုင်ကြပေလိမ့်မည်”

ဤကဲ့သို့ လူမျိုးစုညီညွတ်ရေး၊ ကမ္ဘာ့အလုပ်သမားအားလုံး ညီညွတ်ရေးတရားဟောပြီးသော် -

“ယခုအခါ ဗမာတပြည်လုံးတွင် အနှံ့အပြားဖြစ်ပွားနေသော အလုပ်သမား၊ လယ်သမားနှင့် ကျောင်းသား လူများစု လူထုကြီး၏ သပိတ်အရေးတော်ပုံကြီးသည် နေ့ရက်မခြားကြီးထွားလာသည်ကို အဆွေတို့၊ ငါတို့ သတိချပ်ကြရပေ လိမ့်မည်။ ခေတ်သစ်ပြောင်းက ခေတ်ဟောင်းသေဆိုသကဲ့သို့ သက်တမ်းစေ့ပြီဖြစ်သော နိုင်ငံချဲ့စနစ်ကြီးသည် ရုပ်၊ နာမ်၊ ခန္ဓာ သင်္ခါရတရားအရ ဌီတွင်မတန်ဘင်သို့ပင် ဆက်ခံ၍ နောင်လာမည့် ရာဇဝင်တွင် အက္ခရာတင်လောက်အောင် ခွန်အားကြီးမား တန်ခိုးထွားနေသည့် ဆင်းရဲသား ခေတ်ကြီးကို နေရာပေးရတော့မည်ကား-မချွတ်တည်း” (စာမျက် နှာ-၇ဝ)

ဤကဲ့သို့ ယုံကြည်ချက်ကိုဖော်ပြပြီး သခင်ဘိုးလှကြီးသည် ဆောင်ပုဒ်သုံးရပ်ဖြင့် အဆုံးသတ်လိုက်၏။

ဓနရှင်စနစ် ဖျက်ဆီးလော့။
သပိတ် သပိတ် မှောက် မှောက်။
အုပ်ချုပ်ရေးအသစ် ဖျက်ဆီးလော့။

မာ့က်စ်ဝါဒနှင့် အလုပ်သမားတိုက်ပွဲ ပထမဆုံး ဆက်စပ်ရာဖြစ်သော ၁၃ဝဝ ပြည့်နှစ်အရေးတော်ပုံကား ၁၅ နှစ် ပြည့်မြောက်လေပြီ။ မြန်မာ့တော်လှန်ရေးကို မာ့က်စ်ဝါဒဦးဆောင်မှုရရန် လုံးပမ်းအားထုတ်ခြင်းမှာ ၁၅ နှစ်ပြည့် လေပြီ။ ၁၅ နှစ်အတွင်း တိုက်ပွဲအမျိုးမျိုး၊ အတွေ့အကြုံအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးဖြင့် သွန်းလုပ်အပ်သော မာ့က်စ်ဝါဒ ခေါင်းဆောင်မှုသည် ရင့်ကျက်ရန် အချိန်တော်လေပြီ။


သိန်းဖေမြင့်
၂၄၊ ဇွန်၊ ၁၉၅၃
အိုးဝေမဂ္ဂဇင်း- အတွဲ ၁ အမှတ် ၆

သခင်ဖိုးလှကြီးဂျာနယ်
ဇွန်လ ၂၀၀၁ ခုနှစ်

ထိုင်းရဲလိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံး

| comments

သတင်းနှင့်မီဒီယာ ကွန်ယက်။ ခွန်အောင်မြတ်။
မတ်လ ၉ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် ယမန်နေ့ညက ထိုင်းရဲတွေ လိုက်ဖမ်းသဖြင့် မြန်မာအမျိုးသမီး ညီအစ်မ နှစ်ဦး ရေထဲဆင်းပြေးရာ ရေနစ်သေဆုံးသွားသည်။

ဖူခက်မြို့ ကမ်းခြေနေရာတခုဖြစ်သည့် ပါထောင် (Patong Beach)ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ ယမန် နေ့ ည ၆ နာရီခန့်က ထိုင်းအာဏာပိုင်များက ရှောင်တခင် ၀င်ရောက် ဖမ်းဆီးသဖြင့် အလုပ်သမားများ ထွက် ပြေးကြရာမှ အသက် ၁၂ အရွယ် ကျောင်းသူ မမြင့်မြင့်စန်းနှင့် မညိုညိုစန်း(၂၀)တို့ ရေချောင်းထဲ ဆင်းပြေးရာ နေနစ်ပြီး သေဆုံးသွား သည်ဟု မျက်မြင် မြန်မာအလုပ်သမား တဦးက ပြောသည်။

“ရေနစ်နေတာကို မြင်ပြီးတော့ ကြည့်ပြီးတော့ သွားမကူလိုက်ရဘူးဆိုတာ ဒါ ၀မ်းနည်းစရာ ပေါ့နော်။ သူတို့ရေမြုပ်တဲ့အချိန်မှာ သူတို့(ရဲ)က သေနတ်နဲ့အပေါ်ကနေ ချိန်ပြီးကြည့်နေတယ်။ ရေမြုပ် သွား ပြီးမှ သူတို့ပြန်သွားပြီးမှ ဒီကလူတွေကလိုက်ဆယ်ကြတာ။ သူ့အမေက အလုပ်ကဖုန်းထိုး(ဆက်)သွား တယ်။ ပုလိပ်ဝင်တယ်ဆိုပြီးတော့ ဖုန်းထိုးတဲ့အချိန်မှာ သူ့သမီးတွေကဖုန်းမကိုင်ဘူး။ ဖုန်း မကိုင်တော့ သူ့အမေက လိုက်လာတော့ ကလေးတွေ ပျောက်နေပြီ။ ပျောက်နေတော့ လိုက်ရှာ၊ လိုက် ရှာတော့ လူတွေကပေါ့နော် ရေထဲဆင်းတာမြင်လိုက်တယ်။ ရေထဲဆင်းတာမြင်တယ်ဆိုတော့ ရေထဲမှာ လိုက်ရှာတော့ တွေ့တယ်လေ။”

ထိုင်းရဲများပြန်သွားပြီးနောက်ပိုင်း အလုပ်သမားများက မိန်းကလေးငယ်နှစ်ဦးအားဆင်း ကယ်ရာ ရေထဲတွင် သေ ဆုံးနေသည့် ညီမအလောင်းတွေ့ပြီး မေ့မျောနေသည့် အစ်မ ဖြစ်သူ မညိုညိုစန်းကို ဆေးရုံသို့ ခေါ်ဆောင်သွား ချိန် လမ်းပေါ်တွင် သေဆုံးသွားသည်။

သေဆုံးသူ ညီအစ်မနှစ်ယောက်၏ အလောင်းကို ပါထောင်ဆေးရုံတွင် ထားရှိပြီး သက်ဆိုင် ရာ အာဏာပိုင် များက စစ်ဆေးမှုများ ပြုလုပ်သည်ဟု ဆွေးမျိုးတော်စပ် သူတဦးက ပြောသည်။

“အခုလို ဖြစ်သွားတဲ့ ကျနော်တို့ကတော့ ထွေထွေထူးထူးတော့ မသိရဘူး။ ဒီလူကြီးတွေ ဆရာဝန်တွေ ဘာတွေ စီစဉ်မှုနဲ့ပဲ ကျနော်တို့ လိုက်နာနေရတယ်။ အခုလို ဖြစ်သွားတဲ့ ကိစ္စကို အဲဒီပုလိပ်ကိုပေါ့ သူ တို့မကျေနပ်မှုနဲ့ တင်းနေတာပေါ့။ အဲဒီအနေအထားလောက်ရှိတယ်။ သေသွားတဲ့ ကိစ္စနဲ့ပတ်သက် ပြီးတော့ အဲဒီပုလိပ်ကို မကျေနပ်မှုတွေ ဖြစ်နေ တာပေါ့။”

၎င်းတို့သည် ထားဝယ်မှ လာရောက်၍ ဆောက်လုပ်ရေး အလုပ်ကို လုပ်ကိုင်ကြသူဖြစ်ပြီး တရားဝင် အလုပ် သမားလက်မှတ် ကိုင်ဆောင်ထားကြသည်ဟု အလုပ်သမားတဦးက ပြောသည်။

“ကျနော်တို့ ဒီမှာကတော့ အကုန်လုံးတော့ လာပြီး အားပေးကြတာပေါ့နော်။ ရေသန့်ဗူး တွေ ဘာ တွေ အကုန်လုံး အအေးတွေ အဖျော်ရည်တွေ အကုန်လုံး လုပ်ပေးနေကြတာပဲ။ ပန်းရံဆိုက် တဆိုက် လုံး တယောက်မှ အလုပ်မဆင်းဘူးလေ။ သူတို့မိသားစုတွေ တိုင်ပင် နေတယ်။ သူတို့ကတော့ မကျေ နပ်ဘူး ဖြစ်နေတယ်။ အကုန်လုံး ဘတ် (အလုပ်သမား လက်မှတ်) ရှိတယ်လေ။”

ကျန်ရစ်သည့် ရုပ်အလောင်းကို ကထူ့ ဘုန်းတော်ကြီးကျောင်းတွင် ဗုဒ္ဓဘာသာ ထုံးတမ်းအရ မီးသင်္ဂြိုလ်ရာ ယင်း ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်သမား (၆၀၀) ခန့်က အလုပ်မဆင်းပဲ လိုက်လံကူညီပို့ဆောင်ပေးခဲ့သည်။

ဖူးခက်ကမ်းခြေတွင် အလုပ်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားအလုပ်သမားများ (၁)သိန်း ခန့်ရှိပြီး ထိုင်းလူဝင် မှုကြီးကြပ်ရေးနှင့် ထိုင်းအာဏာပိုင်ရဲများက မကြာခဏ လိုက်ခံဖမ်းဆီး သော်လည်း ရေနစ်ပြီး သေဆုံးမှု ဖြစ်ပွား ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု အလုပ် သမားများက ပြောသည်။

မတ်လ ၂ ရက်နေ့တွင် အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးသည့် သတ်မှတ်ရက် ကုန်ဆုံးသွားသဖြင့် သက်တမ်းမတိုးသည့် အလုပ်သမား ငါးသိန်းကျော်အား ဖမ်းဆီးပြီး နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်း နိုင်ငံခြား သားအလုပ်သမား အလုပ်ခန့်ထားရေးဌာန အရာရှိက ကြေညာခဲ့သည်။

ယင်းသို့ကြေညာပြီး ရက်ပိုင်းအတွင်းတွင် ထိုင်းနိုင်ငံတ၀ှမ်းလုံးရှိ နေရာအနှံ့အပြားတွင် တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများကို တင်းတင်းကြပ်ကြပ် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။

နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအရေး ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာပို့

| comments



သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၀ ခုနှစ်။

ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကြုံတွေ့နေရသည့် အခက်အခဲများ နှင့် ပတ်သက်၍ အစိုး ရ မဟုတ်သော ထိုင်း NGO အဖွဲ့အစည်းများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ထိုင်းဝန်ကြီးချုပ်ထံ ယနေ့နံနက်က အိပ်ဖွင့်ပေးစာတစ်စောင် ပေးပို့ခဲ့သည်။

ထိုင်းဝန်ကြီးများအစည်းအဝေးမှ ဇန္န၀ါရီလ ၁၉ ရက်နေ့ ဆုံးဖြတ်ချက်သည် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ် သမား နှစ်သန်းကျော်အတွက် စိုးရိမ်စရာများ ဖြစ်နေ၍ ထိုဆုံးဖြတ်ချက်အား ပြန်လည်ပြုပြင်ပေးရန် တောင်း ဆို ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နောက်ပိုင်း နိုင်ငံသားစီစစ်ရေး လျှောက်ထားရန် စာရင်းမ သွင်း သူများအား ဌာနေနိုင်ငံသို့ပြန်ပို့ရန် ၀န်ကြီးများအစည်း အဝေးက ဆုံးဖြတ်ခဲ့မှုကို ပြန် လည်ပြုပြင်ပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး ဖောင်ဒေးရှင်း (HRDF) မှ ဦးစိန်ဌေးက ယခုလိုပြောသည်။

“အဓိကကတော့ ဒီ ၁၉ ရက်နေ့တုန်းကထုတ်လိုက်တဲ့ ကက်ဘိနက်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ပေါ့ နော်။ အဲဒီဆုံးဖြတ်ချက်ရဲ့ အကြောင်းအရာတွေက အလုပ်သမားရဲ့ လက်ရှိအခြေအနေနဲ့ သိပ်ပြီး ကိုက်ညီမှုတွေ မရှိတဲ့အခါကျတော့ အဲဒီဟာကို ပြုပြင်ပြောင်း လဲပေးဖို့ နောက်ထပ်လည်း ကျနော်တို့ ဟိုးအရင်ထဲက တောင်းဆိုထားတဲ့ အချက်တွေ ပေါ့နော်၊ အဲတာတွေကိုလည်း တိကျသေခြာအောင် လုပ်ပေးဖို့ပေါ့နော်။”

ဝန်ကြီးများအစည်းအဝေးမှ ဆုံးဖြတ်ချက်အရ အလုပ်သမားများ အလုပ်ရှင်ပြောင်းခွင့်မရှိ သည့်အချက်သည် အ လုပ်သမားများအတွက် အခက်အခဲဖြစ်စေပြီး အလုပ်သမားအခွင့် အရေးကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပေးစာ၌ ဖော်ပြထားသည်။

ထိုပြင် ရွှေ့ပြောင်းအလုပ်သမားနှစ်သန်းကျော်အနက် ၈၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသား များဖြစ်ပြီး နိုင်ငံအ တွင်းစီးပွားရေးယိုယွင်းမှု၊ လူမျိုးရေးနှင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ၊ စစ်ပွဲများကြောင့် ရောက်လာ သူများဖြစ်၍ နိုင်ငံသားစီစစ်ရာ၌ သက်သေခံအထောက် အထား ပြသရန် ခက်ခဲသူများဖြစ်သည်။

နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွင် ၀န်ဆောင်မှုပေးနေသည့်အဖွဲ့အစည်းများက အလုပ်သမား များအပေါ် ခေါင်းပုံ ဖြတ်နေသည့်အတွက် ထိုင်းအစိုးရမှ ၀န်ဆောင်ခနှုန်းထားများ သတ်မှတ်ပေးရန်၊ ထိုင်းနိုင်ငံအတွင်း ကျန်ရှိ နေသည့် တရားမ၀င်အလုပ်သမားများအား တရားဝင် အလုပ်သမားမှတ်ပုံတင်များ ထပ်မံပြု လုပ် ပေးရန် တောင်း ဆိုထားသည်။

ထို့အပြင် ထိုင်းမြန်မာနှစ်နိုင်ငံ သဘောတူညီချက်အရ ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်သည့်လုပ်ငန်းကို နယ်စပ် ဒေသသုံးနေရာ၌သာမက လာအို၊ ဗီယက်နမ် နိုင်ငံများနည်းတူ ထိုင်းနိုင်ငံ အတွင်း လာရောက် ဖွင့်လှစ်နိုင်ရန် မြန်မာအစိုးရနှင့် ညှိနိုင်းဆောင်ရွက် ပေးရန်လည်း တင်ပြထားသည်။

ထိုင်းအစိုးရနှင့် အလုပ်သမားများကြား အဆင်ပြေချောမွေ့စေရန် အလုပ်သမားရေး ဆောင်ရွက်နေသည့် အဖွဲ့ များနှင့် ဆက်သွယ်၍ ညှိနိုင်းဆွေးနွေးဆောင်ရွက်သင့်ကြောင်း တင်ပြထားသည်ဟု NCGUB မှ ရွှေ့ပြောင်း အလုပ်သမားရေးတာဝန်ခံ ဦးသက်ခိုင်က ယခုလိုပြောသည်။

“ဒီရွှေ့ပြောင်းအလုပ်သမားအရေး လုပ်နေတဲ့အဖွဲ့အစည်းတွေသာလျှင် ရွှေ့ပြောင်းအလုပ်သမားအ ကြောင်းကိုနားလည်တယ်။ အဲဒီတော့ ကြားမှာရှိနေတဲ့ ပွဲစားတို့၊ ကျန်တဲ့ဟာတွေက နားလည်ဖို့ဆို တာ တော်တော် ကိုခက်ခဲမယ့် အနေအထားမျိုး တွေရှိတယ်။”

ယနေ့တောင်းဆိုချက်များအား ထိုင်းအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ အပါအ၀င် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၁၅၀ ခန့်က ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ သံရုံးနှင့် ထိုင်းအစိုးရ ၀န်ကြီးချုပ်ရုံးတို့၌ ပေးအပ်ခဲ့သည်။

အလားတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀ ခန့်သည် ယနေ့နံနက် ၁၀ နာရီအချိန် ခန့်က ချင်းမိုင်ခရိုင်ရုံးသို့သွားရောက်၍ အလုပ်သမားများနှင့် ပတ်သက်သည့် တောင်းဆိုချက် (၇) ချက်ပါပေး စာတစ်စောင်အား ဒုတိယခရိုင်ဝန်ထံ ပေးပို့ခဲ့သည်။

ယင်းပေးစာအား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(နယူးယောက်)၊ နိုင်ငံတကာအလုပ်သမားသွေးစည်းညီညွတ်ရေး အမေရိကန်စင်တာ၊ ရွှေ့ပြောင်းအလုပ် သမားများကွန်ယက်(ထိုင်းနိုင်ငံ)၊ ရွှေ့ပြောင်းအလုပ်သမားများအရေး ပူးပေါင်းဆောင် ရွက်ရေးအဖွဲ့(ထိုင်းနိုင်ငံ) တို့မှ လက်မှတ်ရေး ထိုးခဲ့ပြီး ထိုင်းအစိုးရဌာနအသီးသီးသို့ မိတ္တူပေးပို့ခဲ့သည်။

မြန်မာနိုင်ငံသားအလုပ်သမားနှစ်သန်းကျော်ရှိသည့်အနက် တရားဝင်အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင် ထား သူ တစ်သန်းကျော်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စာရင်းသွင်း ထားသူ ရှစ်သောင်းရှိသည့် အနက် ပြုလုပ်ပြီးသူ သုံးသောင်းကျော်သာ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့်အဖွဲ့များက ခန့်မှန်းကြ သည်။

ထောင်ချပြီးဘတ်၈၀၀၀ ပေးမှ ပြန်လွှတ်မည်ဟု ပွဲစားမကပြော

| comments

လက်ရှိ မတရားဖမ်းချုပ်ခံနေရသော  ဒေါ်ခင်စိုးပုံ
ဖေဖေါ်ဝါရီလ ၉ (ကျော်သောင်း)
ပြီးခဲ့သောအပါတ်ကလစဉ်ကြေးမပေးနိုင်သဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသောဒေါ်ခင်စိုးမှာ အကျဉ်း ထောင်မှတစ်ဆင့် ကျုံဖေါ်ရဲစခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်းအပြီးတိုင်လွှ တ်ပေလိုပါက ဘတ်ငွေ ၈၀၀၀ ထပ်ဆောင်းပေးဆော င်မှ ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း အ ဆိုပါထိုင်းပွဲစား မက ပြောသည်။ သားဖြစ်သူ ကိုစိုးဝင်းနိုင်က“ မနေ့ ကတည်းကလွတ်ရမှာပါ၊ ဒါပေမယ့်ပြန်မလွတ်လာဘူး၊ ဒီ န့  
သွားကြည့်တော့ ပွဲစားမကပြောတယ် ဘတ်၈၀၀၀ ပေးရမယ်တဲ့၊ ကျနော်က ပိတ်ဆံမရှိဘူး၊ ဘတ်၄၀၀၀ ပေးမယ်လို့  တောင်းပန်ပြီးပြောတယ်၊မရဘူး၊ တောင်းသလောက်မပေးရင် ရနောင်းကိုပို့လိုက်မယ်လို့ ပြော
ပါတယ်၊ကျနော်တို့ လည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်” ဟုပြောသည်။
ထိုင်းအခြေစိုက်အဖွဲ့အစည်းအချို့ တို့ အား ဖုန်းဆက်ပြီးအကြောင်းကြားအကူအညီတောင်းခံနေသော် လည်းမည်သည့်အဖွဲ့ အစည်းကမျှ ကူညီပေးနိုင်ခြင်းမရှိပေ။ အချုပ်ခန်းထဲမဒေါ်ခင်စိုး ကှ “ ကျမကို ရဲစခန်းမှ ပွဲစားမက လက်မှတ်ထိုးမပေးလို့  ကျမကိုလွှတ်လို့ မရလို့ ပြောပါတယ်။ ကျမသားဆီးမှာ ပိတ်ဆံ ၈၀၀၀ တောင်းတယ်ပြောတယ်၊ ဒီနေ့ ကျမ ပြန်မလွတ်ရင် နက်ဖြန်ဆိုရင် ရနောင်းကို အပို့ ခံရမှာဖြစ်ပါတယ်၊ ခုအချုပ်ခန်းထဲမှာ လူ ၂၇ ယောက်ရှိပါတယ်၊ လူ ၄၀ ပြည့်ရင် နယ်စပ် ကိုပြန်ပို့ ပါတယ်၊ကျမကို ဘယ်သူမှ မကူညီနိုင်ကြဘူးလားရှင်” ဟု အိမ်အလုပ်သမ ဒေါ်ခင်စိုးကပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ကျုံဖေါ်မြို့ ဝိထိနိုင် ဈေးကြီးအနီး နေထိုင်အလုပ်လုပ်ကိုင်နေ သည့် အသက် ၄၉နှစ်အရွယ် အိမ်ဖေါ်အလုပ်မ ဒေါ်ခင်စိုးအားလစဉ်ကြေးဘတ်၂၀၀ မပေး တော့သဖြင့် ပြီးခဲ့သည့် ဇန္န၀ါရီလ ၂၉ ရက်နေ့ညနေ ၇ နာရီခွဲလောက်မှာ ဆိုင်ကယ်စီးထိုင်းပုလိပ်တစ်ဦးနှင့် ဘတ်လုပ်ပေး ထားသည့် အသက် ၃၀-ကျော်အရွယ် ထိုင်းအမျိုးသမီး ဖိမိုးတို့ ရောက်ရှိလာပြီ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ သည်။ လစဉ်ကြေးမပေးတော့သဖြင့် အပြင်ဘတ် ပွဲစား ထိုင်းအမျိုးသမီးက ဖမ်းဆီးပြီးထောင်၁၀ ရက် ချလိုက်သည်။ ယခု ဒေါ်ခင်စိုးအား ဖမ်းဆီးထောင်ချလိုက်သော ထိုင်းအမျိုးသမီးသည်၊ လှေဆိပ်၊ ဘူတာရုံ၊
ကားဂိတ်နှင့် လမ်းသွားလမ်းလာ တွေ့ ရှိသမျှသော မြန်မာအလုပ်သမားများကို ဘတ်ရှိ/မရှိ  စစ်ဆေး မေးမြန်းပြီး ထိုင်းရဲများကိုခေါ်ယူပြီး ဖမ်းဆီးငွေတောင်းစားသည့်အလုပ်ကိုအမြဲလုပ်ကိုင်
နေသူဖြစ်ကြောင်း ကျုံဖေါ်အလုပ်သမားများက ပြောသည်။

လှိုင်သာယာ အလုပ်သမားများ ဆက်လက်ဆန္ဒပြ၊ လုံခြုံရေး တင်းကျပ်

| comments

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၅၈ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။     ။ လှိုင်သာယာ စက်မှုဇုန် ၃ ရှိ အလုပ်သမား ၂၀၀၀ ခန့်က လုပ်ခ တိုးမြှင့်ပေးရန် အတွက် ဒုတိယမြောက်နေ့အဖြစ် ယနေ့ ဆက်လက်ဆန္ဒပြရာ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကြောင်း သိရသည်။

အနည်းဆုံး စက်ရုံ ၃ ရုံမှ အလုပ်သမားများက ယနေ့ နေ့လည်ပိုင်းမှစတင်၍ ဆန္ဒပြခြင်းဖြစ်ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကားများ၊ အချုပ်ကားများနှင့် လုံထိန်းရဲ စုစုပေါင်း ရာနှင့်ချီ၍ ရောက်ရှိနေခြင်း ဖြစ်သည်။
urgent6s
''ဒီနေ့မနက်က ဆန္ဒပြတာပါ။ ဗိုလ်ချုပ်ခင်ရီ ရောက်နေတယ်။ ရဲအင်အားကတော့ အများကြီးပဲ သွားကြတယ်။ ခန့်မှန်းလို့ကတော့ မရဘူး။ တပ်ရင်းတွေကရော၊ တိုင်းကရော လာတယ်။ စက်ရုံက မနက်က ၃ ရုံ ဆန္ဒပြတာ။ OPAL 2 (အထည်ချုပ်)၊ ကျားလေး (ဖိနပ်စက်ရုံ)၊ တိုင်ရီ (ဖိနပ်စက်ရုံ) မှာ ဖြစ်တာ” ဟု လှိုင်သာယာ ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာရှိ ကျောင်းဆရာမ တဦးကလည်း “လှိုင်သာယာ စက်မှုဇုန် အမှတ် (၃) လမ်းတွေကို တင်းကျပ်စွာ ပိတ်ဆို့ထားတယ်။ ရဲကား ၃ဝ လောက် ကားလမ်းတွေမှာ တန်းစီနေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆန္ဒပြပွဲရှိရာသို့ ရဲချုပ် ဗိုလ်ချုပ်ခင်ရီကိုယ်တိုင် ရောက်ရှိလာကြောင်း ဒေသခံများအကြား ပြောဆိုမှုများလည်း ရှိနေသည်။
urgent7s
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ရဲအရာရှိက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

အလုပ်သမားများက လစာကို ကျပ်တသောင်း ထပ်ဆောင်းပေးရန်၊ လက်ရှိ လုပ်နေရသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီ သတ်မှတ်ထားသည့် အလုပ်ချိန်ကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ကို တောင်းဆိုနေခြင်း ဖြစ်သည်။

ယမန်နေ့ နေ့လည်ပိုင်းတွင် စက်မှုဇုန် ၃၊ အမှတ် ၃/၃၆ ရှိ ကိုရီးယားနိုင်ငံသားပိုင် (OPAL 2) မြဖက်ရှင် အထည်ချုပ်စက်ရုံမှ အလုပ်သမား ၁၄ဝဝ ခန့်သည် လုပ်ခလစာ တိုးမြှင့်ပေးရန် စတင်ဆန္ဒပြခဲ့သည်။

အလုပ်သမားများနှင့် စက်ရုံ တာဝန်ရှိသူများအကြား ယခုတိုင် ညှိနှိုင်းမရသေးသလို၊ အဖမ်းအဆီးများလည်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
urgent8s
လှိုင်သာယာ စက်မှုဇုန်များတွင် ပြီးခဲ့သည့်လအတွင်း အလုပ်သမားများက လုပ်ခလစာနှင့် ခံစားခွင့်ဆိုင်ရာ ဆန္ဒပြပွဲ ၂ ရပ် ဖြစ်ပွားခဲ့သေးသည်။

စက်မှုဇုန် ၂ ရှိ ပုစွန် အအေးခန်းစက်ရုံ အလုပ်သမား ၁ဝဝ ခန့်က ဇန်နဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ စက်မှုဇုန် ၃ ရှိ Weng Hong Hung အထည်ချုပ်စက်ရုံ အလုပ်သများက ၁၇ ရက်နေ့တွင်လည်းကောင်း ဆန္ဒပြခဲ့သည်။

လှိုင်သာယာ စက်မှုဇုန်တွင် လုပ်သား အင်အား ၅၀၀၀၀ (ငါးသောင်း) မှ ၇၀၀၀၀ အတွင်းရှိပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး စက်မှုဇုန်ဖြစ်ကာ အအေးခန်းစက်ရုံများ၊ အထည်ချုပ်၊ စားသောက်ကုန်၊ သစ်အချောထည်၊ ဓာတုဗေဒ၊ အိမ်သုံးကုန်ပစ္စည်း စသည့် စက်ရုံပေါင်း ၈ဝဝ ကျော် ရှိနေသည်။

၎င်းတို့အနက် စက်ရုံ ၄၀၀ ကျော်သာ လည်ပတ်နေကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အဆိုအရ သိရသည်။

လှိုင်သာယာ အလုပ်သမားများ ဆန္ဒပြနေသည့်ပုံများ
 
@ 2009 ရခိုင်အလုပ်သမားလှုပ်ရှားမှုအဖွဲ့  Contact us : alcoffice.2009@gmail.com
Published by Arakan Labour Campaign